သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ အရေပြားပြဿနာများ
သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတိုင်း မလွဲမသွေ တွေ့ကြုံလာရမယ့် ကာလတစ်ခု ဖြစ်ပါတယ်။ UV ray တွေကြောင့်နဲ့ အသက်အရွယ်ကြီးရင့်လာတာကြောင့် အရေပြားကျုံ့စေတဲ့ elastin နဲ့ တင်းရင်းစေတဲ့ collagen တွေ ဆုံးရှုံးပြီး အသားအရေတွေ ပျော့တွဲကာ အိုမင်းရင့်ရော်လာရသလိုပဲ နောက်ထပ်အသားအရေကို ထိခိုက်စေတဲ့အကြောင်းကတော့ သွေးဆုံးချိန် ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် မတူတတ်ပေမယ့် များသောအားဖြင့် အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြားမှာ သွေးဆုံးလေ့ရှိပါတယ်။ အပျိုဖော်ဝင်ချိန်ကစပြီး သားဥအိမ်ကနေ estrogen နဲ့ progesterone ဟော်မုန်းတွေ လစဥ်ထုတ်ပေးပြီး မမျိုးဥကြွေတဲ့အခါ ရာသီပုံမှန်လာရပါတယ်။ ရာသီလာတာရပ်သွားပြီးနောက် တစ်နှစ်တာကာလကို သွေးဆုံးချိန်ကာလလို့ ခေါ်ပြီး ရာသီမလာတော့သလို ဟော်မုန်းတွေလည်း မထုတ်လုပ်နိုင်တော့ပါဘူး။
သွေးဆုံးချိန်မှာ ခန္ဓာကိုယ်က အမြဲပူနေတာ၊ မောပန်းနွမ်းနယ်နေတာ၊ မွေးလမ်းကြောင်းက ခြောက်သွေ့ပြီး နာကျင်တာ၊ စိတ်အပြောင်းအလဲမြန်တာမျိုးတွေ ခံစားနေရတတ်ပါတယ်။
သွေးဆုံးချိန်မှာ ဖြစ်တဲ့အရေပြားပြဿနာတွေ
- သွေးဆုံးချိန်မှာ estrogen နဲ့ progesterone ဟော်မုန်းတွေ လျော့နည်းသွားတဲ့အတွက် အသားအရေက ခြောက်သွေ့ပြီး လျော့ရဲလာပါတယ်။ Estrogen က အရေပြားကနေ အဆီတွေထွက်ဖို့နဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ အဓိက လုပ်ဆောင်တာပါ။ Estrogen တွေ နည်းသွားတဲ့အခါ အရေပြားက ခြောက်သွေ့ပြီး ကြမ်းတမ်းလာတော့တာပါပဲ။
- ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေလည်း ထွက်လာတတ်ပါတယ်။
- ခန္ဓာကိုယ်က ပူနေသလိုခံစားရပြီး ချွေးထွက်များကာ အရေပြားတွေနီရဲ ယားယံတတ်ပါတယ်။
- Collagen ထုတ်လုပ်မှုလည်း လျော့နည်းသွားလို့ အရေးအကြောင်းတွေ ဖြစ်လာတာ၊ ပါးပြင်က လျော့တွဲကျလာတာ၊ ဝက်ခြံတွေ ပေါက်လာတာ ဖြစ်တတ်ပါတယ်။
- Estrogen တွေနည်းသွားပေမယ့် androgen တွေက ပုံမှန်ပဲရှိနေတဲ့အခါ androgen အချိုးအစားက ပိုများသလို ဖြစ်နေတဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေ ပိုပေါက်လာတတ်ပါတယ်။
သွေးဆုံးတာနဲ့ သွေးဆုံးချိန်လက္ခဏာတွေကို မဖြစ်အောင်တားဆီးလို့မရပေမယ့် သက်သာအောင်တော့လုပ်လို့ရပါတယ်။
- နေရောင်ခြည်တိုက်ရိုက်မထိအောင်ကာကွယ်တာ (UV rays တွေက အရေပြားပြဿနာတွေကို ပိုဆိုးစေပါတယ်)
- အစိုဓာတ်ထိန်းခရင်မ်အမြဲလိမ်းတာ
- Skin care နေ့တိုင်း မပျက်မကွက်လုပ်တာ
- ရေများများသောက်တာ
- အသီးအရွက်များများစားတာ
- အိပ်ရေးဝအောင်အိပ်တာ
- ဝက်ခြံတွေအတွက် salicylic acids ပါတဲ့ မျက်နှာသစ်ဆေးသုံးတာ
- Face yoga လို့ခေါ်တဲ့ မျက်နှာလေ့ကျင့်ခန်းလုပ်တာတွေက အရေပြားပြဿနာတွေကို လျော့နည်းစေပါလိမ့်မယ်။
လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး hormone replacement therapy လို့ခေါ်တဲ့ ဟော်မုန်းအစားထိုးကုသမှု ခံယူတာ၊ botox ထိုးတာ၊ collagen ကြိုးထိုးတာ စတဲ့ကုသမှုတွေ ခံယူလို့ ရပါတယ်။ သွေးဆုံးချိန်မှာ အိမ်က မိသားစုဝင်တွေရဲ့ ကြင်နာမှုကလည်း စိတ်သက်သာရာရစေတဲ့ ကုထုံးတစ်ခုပါပဲနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်